မိုးသိတဲ့ အာဇာနည်

Author: admin  //  Category: အထိမ်းအမှတ်

ရှစ်ခွင်တစ်တိုင်းလုံးမှိုင်းလို့ မဲမဲမြင်ရာနင်းချေမယ့်ပုံနဲ့ ညိုမှောင်နေတဲ့ သူ့အသွင်က စိတ်ထဲရှိသမျှ သွန်ချတော့မယ့် မွန်းကြပ်လွန်းတဲ့ ရင်ဘတ်တစ်ခုလိုပါပဲ…

တကယ်တမ်း ကြတော့.. ဘယ်တုန်းကမှ ရိုင်းဟန်မပြခဲ့ဘူး.. မိုး.. ငါတို့လည်း နင်နဲ့အတူဆိုတာ အသိအမှတ်မပြုချင်တာလား… မိုးရယ်..

ဘယ်သူကပြောထားလို့ ဒီလိုဖြစ်နေရတာလဲမိုး..

ဒါမှမဟုတ် တိုက်ဆိုင်လွန်းတတ်တာလားမိုး..

ငါတို့ရဲ့ ကျေးဇူးသိတတ်ခြင်းဆိုတာကို လှောင်ရယ်နေသလားမိုးရယ်..

မိုးရယ်..  မေးခွန်းစကားလုံးတွေနဲ့အတူတူ ငါတို့တွေမွန်းကြပ် ဆို့နင့်နေရပြီ..

တဖြေးဖြေးနိမ့်ကျလာတဲ့ တို့တိုင်းပြည် အလံရဲ့ တိုင်တစ်ဝက်အလွမ်း..

ဥသြသံတွေ.. တော်လဲ ပြိုသလိုထွက်လာတဲ့… ဆောက်တည်ရာမဲ့ ၀မ်းနည်းမှုတွေ

တခဏလေး သက်မဲ့တွေလိုငြိမ်သက်ဖူးခဲ့တဲ့ တို့တွေရဲ့ ဘ၀တွေ၊ ခန္ဓာတွေ.. အသိတရားတွေဟာ ဒဏ္ဍာရီမဟုတ်ခဲ့ဘူးဆိုတာ မိုးသိစေချင်တယ်..

အာဇာနည်ဆိုတဲ့ဝေါဟာရကို.. လေးနက်အောင် အဓိပ္ပါယ်ဖော်နိုင်စွမ်းမဲ့နေပေမယ့်.. နှလုံးသားခံစားချက်သက်သက်နဲ့ အာဇာနည်ဆိုတာကို ရင်ဘတ်ထဲမှာ အပြည့်ကမ္ဗည်းတင်ပြီးသားပါ..

မိုးရေ.. အာဇာနည်ကို လေးနက်အောင် နင့်လို ပုံရိပ်တွေနဲ့ ဖော်ဆောင်နိုင်ခွင့် မရပေမယ့် ငြိမ်သက်နေတဲ့ တို့ရဲ့ ရင်ခွင်ဟာ ဘယ်လောက် လွမ်းဆွတ်နေပြီလဲဆိုတာ နင်သိဖို့ကောင်းတယ်..

မမြင်ရတာ ကြာပြီဖြစ်တဲ့ အာဇာနည်အထိမ်းအမှတ် အလွမ်းပုံရိပ်တွေအတွက် တို့တွေမှာ တာဝန်ရှိပါတယ်..

ကာလတစ်ခုလောက်ကို သုံးသပ်ပြီး ဖယ်ခွာတဲ့ပုံစံမျိုးနဲ့ မရက်စက်လိုက်ပါနဲ့မိုး..

တချိန်ကြရင် အာဇာနည်ရယ်၊ မိုးရယ်၊ တို့တတွေရယ်.. ရင်ထဲက မြင့်မြတ်မှုတွေနဲ့အတူ ပြန်လည်ဆုံတွေ့နိုင်မှာပါ..

နေမြင့်လေအရူးရင့်လေတဲ့ မိုးအုံလေ.. လွမ်းရလေဖြစ်တဲ့အဖြစ်ကို ဘယ်သူမှ စာမတင်ကြဘူးနော်..

ထုတ်ဖော်နိုင်စွမ်းမဲ့သလို.. နင်တဖွဲဖွဲသွန်းကြလာတဲ့အချိန်မှာ ငါတို့ရင်ထဲက စီးတဲ့ မျက်ရည်မြစ်က လှိုင်းထန်နေပါပြီမိုး….

မိုး.. အခွင့်ရရင် ငါလေ.. တလောကလုံးကြားအောင်ပြောလိုက်ချင်တယ်.. အာဇာနည်ဆိုတာ.. နွမ်းတတ်တဲ့ပန်းမဟုတ်သလို ရင်ထဲမှာလန်းတဲ့ပန်းဆိုတာကို ပေါ့..

မိုးရေ.. နင့်အလွမ်းတွေ နင့်ဝမ်းနည်းမှုတွေအတွက် နင်ကြိုက်သလို ဖွင့်ဟလိုက်စမ်းပါ..

နင့်ရဲ့လွတ်လပ်ခွင့်တွေအတွက် တို့တွေဂုဏ်ယူပါတယ်..

ဒါပေမယ့် ငါတို့ဘယ်လောက်လေးစားတယ်

ငါတို့ ဘယ်လောက်ချစ်တယ်..

ငါတို့ ဘယ်လောက်မြတ်နိုးတယ်ဆိုတာ…………………………………

မိုး……… ငါတို့ရှိနေသ၍

ဧရာဝတီတို့ရှိနေသ၍

ရိုးမတို့ရပ်တည်သ၍ အာဇာနည်ဆိုတာကို …………..

မိုး… ပြောပြလိုက်စမ်းပါ..

ပတ္တမြားကို နွံဖုံးချင်လည်း မိုးနဲ့ဆေးကြောလိုက်မယ်လို့

အာဇာနည်နေ့မရှိဘူးဆိုရင်လဲ ( ဇူလိုင် ၁၉ မှာ) ငါ့ရဲ့အရင် နေ့ရက်တွေလိုပဲဖြစ်နေမယ်လို့ ..

အာဇာနည်ကို မိုးသိတယ်လို့.. ………….

ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အစဉ်မြဲ ၀မ်းနည်းတမ်းတသတိရလျှက်

Foolbag (J, K, Q, A)

သွေးနဲ့ရေးတဲ့ မှတ်တမ်းတစ်ခု..

Author: admin  //  Category: ဆောင်းပါး

သမိုင်းကို ဘာကြောင့် သင်ရသလဲ ဆိုတဲ့မေးခွန်းကို သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ‘မအအောင်လို့်’ လို့ဖြေခဲ့ပါတယ်။ ဆရာကြီးရဲ့ အဲဒီစကားကို အားပြုပြီး ကျွန်မ ဒီနေ့ ဒီတိုင်းပြည် ထဲကပြည်သူ တစ်ယောက်အနေနဲ့ သိနေသင့်တဲ့ သမိုင်းမတင် ထားတဲ့ သမိုင်းဝင်တဲ့ ကိစ္စတစ်ခုကို တူးဖော်ကြည့်ချင်ပါတယ်။ မြန်မာပြည်ရဲ့ ၀မ်းနည်းစရာတွေ ပြည့်နှက်နေတဲ့ဇူလိုင်.. မြန်မာပြည်ရဲ့ အထွဋ်မြတ်တွေ ပြိုလဲ ကုန်တဲ့ဇူလိုင်၊ အားလုံးရင်ထဲမှာဖျောက်ဖျက်မရနိုင်သော်လည်း အဖျောက်ဖျက်ခံနေရတဲ့ ဇူလိုင်………………

အဲဒီအချိန်တုန်းက ဗမာပြည်ရဲ့ ဘယ်စစ်မြေပြင် မှာမှ အသုံးမပြုဘူးသေးတဲ့ ဂျီသရီး ဂျီဖိုး ရိုင်ဖယ်တွေ ကိုင်ထားတဲ့ ဗမာ့သေနတ် ကိုင်တပ်ရင်း ၄ ဟာ သုံးမိနစ်ပစ် နှစ်မိနစ် နား ဆိုတဲ့ ပစ်မိန့်နဲ့အတူ ကျွန်မတို့ရဲ့ အလွမ်းတက္ကသိုလ် ပန်းတက္ကသိုလ် ရဲ့စာသင်ခန်းတွေရဲ့ကြားမှာ ရဲစွမ်းသတ္တိပြောင်မြောက် စွာနဲ့ စစ်ဆင်ရေး လုပ်သွားတဲ့ ဖြစ်ရပ်မှန်လေးတစ်ခု ပါ။ အဓိပတိလမ်း သစ်ပုတ်ပင် ကံ့ကော်တောနဲ့ ဂျက်ဆင် ကိုသိတဲ့ ကျွန်မ တို့အနေနဲ့ အမိတက္ကသိုလ် ကိုသွေးချင်းချင်းနီ စေခဲ့တဲ့ 7 July ဆိုတဲ့ စကားရပ်ကိုလည်း သိထားသင့်တယ်လို့ ကျွန်မ ကယူဆပါတယ်။ ခေတ်အဆက်ဆက် သမိုင်းပညာရှင်တွေ မနုဿ ဗေဒပညာရှင်တွေ ကလွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ရှိခဲ့တဲ့ ရုပ်ကြွင်းတွေ ကိုတောင်ရှာဖွေ လေ့လာနေကြတာမို့ ကျွန်မတို့ အနေနဲ့ လည်း ကျွန်မ တို့နဲ့ အလှမ်းမဝေးသေးတဲ့ သမိုင်းဖြစ်ရပ်တွေကို လေ့လာထားသင့်တယ် သိထားသင့်တယ်လို့ ယူဆတဲ့အတွက်ကြောင့် 7July ဆိုတာကိုကျွန်မ စိတ်ဝင်တစား လေ့လာဖြစ် ခဲ့ပါတယ်။ Read more…

Foolbag ရဲ့ အပေါင်းဖော်များသို့

Author: admin  //  Category: အမှာစကား

ကျွန်တော်တို့ရဲ့ စာဖတ်သူအပေါင်းဖော်များနှင့် ပညာပေးဝေငှသူ၊ လေ့လာသူ အပေါင်းအား အချိန်အတော်ကြာခန့် ကျွန်တော်တို့ ခေတ္တခွဲ၍ ရပ်ဆိုင်းသွားခဲ့ရပါသည်.. ထို့အတွက် ယခု ကျွန်တော်တို့ အဖွဲ့လေးမှ အားလုံးအတွက် တန်ဖိုးရှိမယ်လို့ထင်တဲ့ Post လေးနှစ်ပုဒ်ကို ရေးသားခဲ့ပြီးပါပြီ.. ယခု ဤနေ့ဤ အချိန်မှာတော့ဖြင့် ကျွန်တော်တို့အဖွဲလေးမှ (Art)ရဲ့ ဘ၀ဗိသုကာဆောင်းပါလေးကို အရင်တင်ပြ လိုက်ရခြင်းဖြစ်ပါသည်… ခဏလောက်အဆက်ပြတ်သွားခဲ့တဲ့ ဘလော့ရပ်ဝန်းလေးအား ကျွန်တော် ပေးဝေငှချင်သော စေတနာဖြင့်.. အားလုံးရင်ထဲမှ ကွယ်ပျောက်သွားအောင် မြုပ်ကွယ်ထားသော သမိုင်းပြယုဒ်လေးတစ်ခုအားလည်း ကျွန်တော်တင်ပြလိုပါသည်.. ဒီပိုစ်လေးကို ဇူလိုင် ( ၇ ) ရက်နေ့မှာ တင်ပြပေးသွားမှာဖြစ်ပါတယ်… ဘာကြောင့် ဒီပို့စ်ကို ဇူလိုင် ( ၇ ) မှတင်တာလဲ အဲဒီနေ့ဟာ ဘယ်လိုနေ့မျိုးလည်းဆိုတာ Foolbag ရဲ့ ညီအကိုမောင်နှမတွေထဲက မသိသေးတဲ့သူများလည်းရှိသလို သိခဲ့ပြီးသူများကိုလည်း ပြန်လည်အမှတ်ရ အောက်မေ့စေချင်ပါသည်…. သိပြီးခဲ့ရင်လည်း အဲဒီနေ့လေးကို ပိုအသက်ဝင်သွားအောင် Comment မှာ ရေးသားပေးခဲ့စေချင်ပါတယ်….

Fool Bag ( J K Q A)

ဘ၀ဗိသုကာနှင့် ကျွန်တော်တို့၏ အခြေခံအုတ်မြစ်များ

Author: admin  //  Category: ဆောင်းပါး

ကံပြစ်ချရာ ဘုံဘ၀မှာ ကျရောက်နေသော.. ဘ၀တူမိတ်ဆွေတို့ရေ.. မိမိကိုယ်ကို အကောင်းဆုံးစောင့်လျှောက် နိုင်ကြပါစေလို့ မေတ္တာပို့သလျှက်ပါ…… ကျွန်တော်ယခုဆွေးနွေးမယ့် ဘ၀ဗိသုကာဆိုသည်မှာ ပညာရေး (သို့တည်းမဟုတ်) အသိတရားကို ဆိုလိုခြင်း ဖြစ်တယ်ဆိုတာ ဦးစွာမိတ်ဆက်လိုက်ပါရစေ…. အဘယ်ကြောင့် ပညာရေးကို ဘ၀ဗိသုကာဟု.. ညွှန်းဆိုကြောင်းကို တင်ပြ လိုပါသည်.. လူတစ်ယောက်အနေဖြင့်… မိမိဘ၀သက်တမ်းတစ်လျှောက်လုံးကို မိမိကိုယ်တိုင်… ပုံဖော်ထုဆစ်၍ ရှင်သန်ကြရပါသည်.. တနည်းဆိုရသော်… မိမိဘ၀ပုံသဏ္ဌာန်ကို မိမိကိုယ်တိုင် ထုဆစ်ကြရခြင်းဖြစ်ပါသည်…. ထိုသို့ဖော်ဆောင် ရှင်သန်ရာတွင် ဘ၀ပုံသဏ္ဌာန်များသည် ထိုသူ၏ အသိတရားအရည်အသွေးပေါ်မူတည်၍ အဆင့်အတန်းအရည်သွေး အနိမ့်မြင့် ကွာခြား သွားရပါသည်.. ပုံစံတစ်မျိုးဖြင့် တင်ပြရသော်.. ထိုသူ၏ အတွေးခေါ်နှင့် စွမ်းဆောင်ရည်ပေါ်မူတည်၍ ၎င်းပိုင်ဆိုင်သော ဘ၀သည် ရှင်သန်ပေါ်ပေါက်လာကြောင်းတွေ့ရပါသည်… ထို့ကြောင့် လူပုဂ္ဂိုလ်တစ်ယောက်၏ ဘ၀ရှင်သန်မှုအနေအထားသည် ထိုသူ၏ အသိတရားနှင့် စွမ်းဆောင်ရည်ကို ထင်ဟတ်လာစေပါသည်.. ဒီလိုဆိုရင်ဖြင့် ကျွန်တော်တို့၏ ဘ၀များကိုကောင်းမွန်စွာ တည်ဆောက်နိုင်ရန် လိုအပ်သော အထက်ပါအကြောင်းရာ (၂)ရပ်ကို မည်သည့်နေရာတွင် ရှာဖွေတွေ့ရှိနိုင်မည်နည်းဟု ဆန်းစစ်လျှက် ပညာဟူသော ခေါင်းစည်းအောက်တွင်သာ တွေ့ရှိရပါသည်.. ထို့ကြောင့် ပညာဟူသော ဝေါဟာရကို ဘ၀ဗိသုကာဟု တင်စားညွှန်းဆိုရခြင်းဖြစ်ပါသည်… သို့ပါ၍ ယခုကျွန်တော်တင်ပြဆွေးနွေးမည့်အကြောင်းရာများမှာ ဘ၀ဗိသုကာဟု ဆိုသော်ငြားလည်း ပညာရေးနှင့် ပတ်သက်၍ ကျွန်တော်တတ်စွမ်းသလောက် ကျွန်တော်၏ အမြင်များကို တင်ပြဆွေးနွေးခြင်းဖြစ်ပါသည်…. ယခုလိုတင်ပြဆွေးနွေးခြင်းဖြင့် ကျွန်တော်တို့အနေနှင့် ပညာရေးနှင့်ပတ်သက်၍ ကောင်းစွာ လမ်းညွှန်ဦးဆောင်မှုမျိုးကို ပေးနိုင်သော ဂုဏ်အရည်အချင်းရှိသောကြောင့်မဟုတ်ဘဲ မိမိတွေ့ကြုံကြားသိရသမျှနှင့် ပညာရှင်တို့၏ ပြောဆိုတင်ပြချက်များကို မိမိ အဓိပ္ပါယ်ဖော်ဆောင်နိုင်သလောက် စေတနာအရင်းခံဖြင့်သာ တင်ပြဆွေးနွေးရခြင်းဖြစ်ပါသည်… Read more…

ဓားအောက်က ဥယျာဉ်မှူး

Author: admin  //  Category: ကဗျာ

အတိတ်မှာ ကျည်ဆံခွံတွေ အပုံလိုက်ရှိတယ်

ပစ္စုပ္ပန်ကို သံကြိုးတုပ်ထားတယ်

အမှောင်ခန်းထဲရောက်နေတဲ့ အနာဂတ်ကို ခုထိမမြင်သေးဘူး

ယမ်းခိုးတွေကြားထဲမှာ ခြေလှမ်းတွေ မမှားအောင် ထိန်းနေရတယ်

ကန္တရမှာ ပန်းပျိုးရသလိုပေါ့

ဒီပန်းက ဘယ်ရာသီမှာ ပွင့်မယ်မသိပါဘူး

သွေးလောင်းမှ လန်းမယ်ဆိုရင်

နှလုံးကွဲခံလိုက်မယ်

ဒါပေမယ့်……

နောင်တာတော့ မရဘူး

နောက်မဆုတ်ဘူး။        ။

ဓါးအောက်က ဥယျာဉ်မှူးရဲ့ ပန်းပွင့်များနှင့် နေ့ရက်များအတွက်……

မြန်မာ့ဒီမိုကရေစီ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၃) နှစ်မြောက်မွေးနေ့အား ဂုဏ်ပြုလျှက်……

Fool Bad (JQKA)

၆၃ နှစ်မြောက် အမေ

Author: admin  //  Category: ကဗျာ

မြန်မာပြည်
ရန်ကုန်မြို့
တက္ကသိုလ်ရိပ်သာလမ်း
ချုံနွယ်ပိတ်ပေါင်းတွေဖုံးလွှမ်းနေတဲ့
လာမရတာကြာပြီဖြစ်တဲ့
အမေ့ရဲ့အိမ်ရှိလေရဲ့ …………….
နာရီရက်လနှစ်ပေါင်းများစွာ
ဘယ်ကိုမှမသွားရ
ဘယ်သူနဲ့မှမတွေ့ရ
ဘာစကားမှမပြောရ………………..
တရားမဲ့ထုတ်ပြန်ထားတဲ့
အမိန့်အာဏာအထပ်ထပ်နဲ့
မမြင်ရမကြားရမဆုံကြရအောင်
အကြိမ်ကြိမ်တားလို့ဆီးလည်း…………။
ပြည်နယ်ရယ် ခုနှစ်ခု
တိုင်းတို့ရဲ့ ခုနှစ်ဘောင်ကိုတောင်ကျော်လို့

ကမ္ဘာမြေပြင်အနှံ့ဆီက
ပြည်သူသန်းပေါင်းများစွာရဲ့
နှလုံးအိမ်ထဲမှာ
မျိုးဆက်တိုင်းရဲ့
မမစု……..
အန်တီစု ……….
အခု
အမေစု………..
သူမနေ့တိုင်းမွေးဖွားလို့နေပါလား……………။
Fool Bag (Queen)
၁၉.၆ .၂၀၀၈အမှတ်တရ

အသဲ နှလုံးရှိသော သယံဇာတများသို့

Author: admin  //  Category: အတွေး

မြေပေါ်မြေအောက် သယံဇာတတွေနဲ့ ပေါကြွယ်ဝလှတဲ့ ကျွန်မတို့ပြည်သူတွေ အဖို့တော့ သယံဇာတဆိုတဲ့ လှပတဲ့စကားလုံးလေးဟာ ကမ္ဘာမှာ နာမည်ကြီးလှတဲ့ မြန်မာ့ကျွန်းသစ်လုံးကြီးတွေ၊ မြန်မာ့ပတ္တမြားမြေကထွက်တဲ့ အရည်အသွေးကောင်းတဲ့ ပတ္တမြားကြီးတွေ၊ သက်တမ်းရင့်နေတဲ့ ဧရာမကျောက်စိမ်းတုံးကြီးတွေ၊ ခေတ်အဆက်ဆက်ထုတ်လာခဲ့တဲ့ မြန်မာ့ရေနံတွင်းတွေ၊ ခေတ်နဲ့အညီရှာဖွေ တွေ့ရှိလာခဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းတွေ စတာတွေကိုပဲ မြင်ယောင်မိကြမှာပါပဲ။ မြန်မာ့မြေပေါ် မြေအောက်ကထွက်တဲ့ အဲဒီသယံဇာတ တွေကို ကျွန်မတို့က နိုင်ငံခြားငွေနှင့် လဲလှယ်စရာ အဖိုးတန်ရတနာတွေလို့သတ်မှတ်ထားရပါတယ်။  အင်္ဂလိပ် ဘာသာနဲ့ natural resource လို့ခေါ်တဲ့ သယံဇာတ တွေနဲ့ပတ်သက်ပြီး OXFORD အဘိဓာန်မှာတော့ Resource တာကို(A supply of something that a country, an organization or a person has and use especially to increase their wealth) လို့အဓိပါယ်ဖွင့် ဆိုထားပါတယ်။ တိုင်းပြည်တစ်ပြည်အဖွဲ့အစည်း တစ်ခု ဒါမှမဟုတ် လူတစ်ယောက် မှာရှိနေပြီး အထူးသဖြင့် သူတို့ရဲ့ ချမ်းသာ ကြွယ်ဝရေးအတွက် အသုံးချနိုင်တဲ့ စွမ်းပကား (အထောက်အပံ့)  တစ်ခုပါပဲတဲ့။ Wealth ဆိုတဲ့ ချမ်းသာကြွယ်ဝရေးဥစ္စာဓန ကိုအလိုရှိနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာတော့ Nature Resource ဆိုတဲ့ စကားရပ်နဲ့ အပြိုင် Human Resource ဆိုတဲ့စကားရပ်ကလည်း ကျယ်ကျယ်ပြန့်ပြန့်  နေရာယူလာပါတယ်။ Nature Resource ကိုကျွန်မတို့ကသယံဇာတလို့ ဘာသာပြန်ပေမယ့် Human Resource ကိုလူ့စွမ်းအား အရင်းအမြစ်လို့ပညာရှင်တွေ ကပြန်ဆိုထားပါတယ်။ Read more…

ဗေလုဝစည်းချက်ဖြင့် နှလုံးခုန်နှုံးအား ချိန်ညှိခြင်း

Author: admin  //  Category: အတွေး

ကျွန်တော်တို့ရဲ့မိတ်ဆွေ ကောင်းကျိုးလိုအင် ဆန္ဒတွေပြည့်စုံနိုင်ပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်ဆုတောင်းလိုက်ပါတယ်…. ဗေလုဝ စည်းချက်ရဲ့ စတင်ရှင်သန်ရာ အကြောင်းလေးကို မိတ်ဆက်ပါရစေ…။ လူတစ်ယောက်ရဲ့ဘ၀မှာ အရေးပါတဲ့ အချက်လက်တွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုသော်ငြားလဲ ၎င်းနှင့် တွဲလျှက်မြင်ရတဲ့ အစိတ်အပိုင်းကတော့ ကိုးကွယ်ယုံကြည်မှု ( ဘာသာတရား ) ဖြစ်ပါတယ်.. လူပုဂ္ဂိုတိုင်းမှာ မိမိကိုးကွယ်တဲ့ ဘာသာတရား ဆိုတာရှိပါတယ်.. ဘာသာတရားမဲ့သူရယ်လို့ သိပ်မတွေ့ရပါဘူး ရှိခဲ့ရင်တောင် အလွန်နည်း ပါလိမ့်မယ်.. လူတိုင်းလူတိုင်းဟာ ကိုးကွယ်ယုံကြည်ရာ ဘာသာတရား မရှိမှာကို ကြောက်ကြပါတယ်.. ဘာကြောင့်လဲဆိုရင် ဘာသာတရား မဲ့သူဟာ အရိပ်မရှိတဲ့ လွင်တီးခေါင်ကို ဖြတ်လျှောက်နေရသောသူနှင့် တူညီနေပါတယ်.. ဒါကြောင့် မိမိယုံကြည်တဲ့ ၀ါဒ ( တရား )ကို ချဉ်းကပ်လုပ်ကြွေးရင်း အားကိုးအားထားပြုကြပါတယ်… Read more…

အဝေးရောက်ဦးနှောက်များကို ချဉ်းကပ်ခြင်း

Author: admin  //  Category: အမြင်

မင်္ဂလာရှိသောနေ့ရက်များကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်.. ပညာရှင်အသိုင်းအ၀ိုင်းက ပြောနေတဲ့ လူ့စွမ်းအား အရင်းအမြစ်ဆိုတဲ့ ဝေါဟာရကို ကျွန်တော် အရမ်းစိတ်ဝင်စားနေပါတယ်.. ဒါဟာလူသားဘ၀အတွက် အလိုအပ်ဆုံးသော ဝေါဟာရတစ်ခု ဒါမှမဟုတ် အကြောင်းတရားတစ်ခုလို့ မြင်ပါတယ်.. လူ့စွမ်းအားအရင်းအမြစ်ဆိုတာကို ကျွန်တော် အဓိပ္ပါယ်ဖွင့်ဆိုကြည့်ချင်ပါတယ်.. တကယ်တော့ လူစွမ်းအား အရင်းအမြစ်ဆိုတာ ဦးနှောက်အသုံးချ ပညာရပ်လို့ ဆိုချင်တယ်.. ဒါဟာ အပြည့်အ၀ မှန်ကန်မှု မပေးနိုင်ရင်တောင် တစ်ဆိတ်တစ်ဒေသလောက်ကို ကိုယ်စားပြုနိုင်မယ်လို့ထင်ပါတယ်.. ဦးနှောက်ကို အသုံးချနိုင်စွမ်းမြင့်မားလေ လူ့အရင်းအမြစ်ဆိုတာကို တွေ့ရလေပါပဲ… ဒါကြောင့်တိုက်ရိုက်အချိုးနဲ့ ဆက်စပ်နေတယ်လို့ ယူဆပါတယ်.. ဒီလိုဆိုရင် အရည်သွေးမြင့် လူ့ဘောင်တစ်ခု ထူထောင်ဖို့ စွမ်းအားမြင့်ဦးနှောက်တွေ မလွှဲမသွေ လိုအပ်တယ်ဆိုတာကို တွေ့ရပါတယ်.. ဆက်စပ်ပြီးတွေ့ရတဲ့ နောက်တစ်ချက်ကတော့ တိုးတက်ပြီးသားဝန်းကျင်တွေမှာ အရည်သွေးကောင်းဦးနှောက်တွေ တည်မှီ ကြပ်ငြပ်နေပြီး လမ်းရှာမရတဲ့ ခပ်မှောင်မှောင်ဝန်းကျင်တွေမှာ လုံလောက်တဲ့ အနေအထားမျိုးရှိမနေတာကိုပါတွေ့ရပါတယ်..

ဒါကို ကျွန်တော်တို့ထက်လေ့လာနိုင်စွမ်းကောင်းတဲ့ ပညာရှင်တွေက စနစ်တကျလေ့လာထားတဲ့အချက်ကို အနည်းငယ်တင်ပြလိုပါတယ်.. မတိုးတက်သေးတဲ့နိုင်ငံတွေကနေ အမျိုးမျိုးသော အကြောင်းများကြောင့် အတတ်ပညာရှင် အသိပညာရှင်များနှင့်တကွ အလွှာအတန်းစားအသီးသီးက ပုဂ္ဂိုတွေဟာ ပြင်ပသို့ထွက်ခွာသွားခြင်းကို ဦးနှောက်ယိုစီးမှုဟု ခေါ်ပါတယ်.. အခြေနေအမျိုးမျိုးကြောင့် ပြင်ပကို ထွက်ခွာသွားကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မိမိတို့နဲ့  သဟဇာတဖြစ်တဲ့ဒေသမှာ လိမ္မာသလို အသက်မွေးဝမ်းကျောင်းပြုရှင်သန်တဲ့ အနေထားဖြစ်ပါတယ်.. ဒီဖြစ်စဉ်ရဲ့နောက်ပိုင်း (အချိန်အတော်ကြာမျှ) မှာ ဦးတည်ချက်ပြောင်းလဲလာတဲ့ ဦးနှောက်တွေရဲ့ ရွေလျားမှုတစ်ခုကို တွေ့ရပါသေးတယ်.. ဒါကတော့ ပြင်ပရောက် အလွှာစုံလူတန်းစား အသီးသီးက မိမိရဲ့မွေးရပ်မြေကို ပြန်လည်ခြေချပြီး ၎င်းတို့နဲ့အတူပါလာသော ၀န်းကျင်စုံမှ အသိပိုင်းဆိုင်ရာ အတတ်ပိုင်းဆိုင်ရာပညာရပ်တွေကို ပြန်လည်အသုံးချ၍ ထူထောင်ရေးလမ်းစဉ် (သိုမဟုတ်) ရင်ဘောင်တန်းရေး စီမံကိန်းကို အကောင်အထည် ဖော်တဲ့သဏ္ဌန် ဖြစ်ပါတယ်..

ကျွန်တော်တို့ဟာ.. လက်ရှိအချိန်မှာ လင်းလက်နေသလား အမှောင်ထဲရောက်နေသလားဆိုတဲ့မေးခွန်းကို မိတ်ဆွေဖြေစေလိုပါတယ်.. ကျွန်တော့်တို့အမြင်နဲ့ ဖြေဆိုထားတဲ့ အဖြေနဲ့ပါတ်သက်ပြီး ဆက်လက်ဆွေးနွေးခွင့်ပြုပါခင်ဗျာ.. ကျွန်တော်တို့ရဲ့ မျက်ဝန်းတွေအောက်မှ တရိပ်ရိပ်ထွက်ခွာသွားတဲ့ပုံရိပ်တွေကို ကြည့်ခဲ့ရတဲ့ ကာလတွေမနည်းတော့ပါဘူး ဒီမြင်ကွင်းအတွက် ၀မ်းနည်းဝမ်းသာဆိုတဲ့ စိတ်ခံစားချက်နှစ်ခုကို ကျွန်တော်တို့ရရှိခဲ့ပါတယ်…. ကျွန်တော်တို့နဲ့တကွ သူခင်တွယ်တဲ့ပတ်ဝန်းကျင်ကို မလွှဲမလျှောင်သာခွဲခွာသွားတဲ့ ပုဂ္ဂိုလ်တိုင်းအတွက် ၎င်းနဲ့ထပ်တူ ၀မ်းနည်းရပါတယ်.. ထို့အတူ နောင်တစ်ချိန်ကြရင်ဆိုတဲ့မျှော်လင့်ချက်နဲ့လည်း ၀မ်းသာမိပါတယ်..
ကျွန်တော်တို့ကို ခွဲခွာခဲ့သော ဦးနှောက်များသို့ လေးစားစွာပန်ကြားလိုပါတယ်.. ပြန်လည်စီးဝင်ခြင်းဆိုတဲ့ဖြစ်ရပ်ကို ကျွန်တော်တို့မျှော်လင့်သလို ဖြစ်ပေါ်ခွင့်ပေးပါရန် အနူးညွတ်ပန်ကြားလိုက်ပါတယ်..

ဒီနေရာမှာ ဦးနှောက်တွေ ပြန်လည်စီးဝင်နိုင်တဲ့ အရပ်ဒေသကောင်းတစ်ခု (သို့တည်းမဟုတ်) ဦးနှောက်များကို လွတ်လပ်စွာရှင်သန် ခွင့်ပြုသောနေရာ .. ဒီအချက်ဟာ အရေးပါတယ်ဆိုတာကို ကျွန်တော်တို့ သိမြင်ပါတယ်… ဒီလိုပြန်လည်ဝင်ရောက်လာရေးအတွက် လိုအပ်တဲ့အခြေနေကောင်းတွေကို ချက်ချင်းဆိုသလိုမဖြစ်နိုင်ရင်တောင် တဖြည်းဖြည်းနဲ့ ပုံစံသွင်းတည်ဆောက်ယူရပါ့မယ်… ဒီအတွက် ကျွန်တော်တို့တတ်နိုင်စွမ်းသလောက်ပေးဆပ်ရင်း ဖန်တီးကြရအောင်လို့ အမှောင်ရိပ်ထဲကတို့တွေရဲ့ ပတ်ဝန်းကျင်ကိုလည်း တိုက်တွန်း လိုပါတယ်…ဒါမှသာလျှင် အရည်အသွေးပြည့်ဦးနှောက်များကျက်စားသော တိုးတက်တဲ့ ၀န်းကျင်သစ်မှာ ကျွန်တော်တို့ ရှင်သန်ခွင့် ရမှာပါ…

အားလုံးရဲ့မြင်ကွင်းအောက်ကနေ တဖြည်းဖြည်းသေးငယ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ပုံရိပ်တွေ အားလုံးရဲ့ရှေ့မှာ ချပြနိုင်ဖို့ ပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချ မျှော်မြင်နိုင်တဲ့ ဦးနှောက်တွေဟာ အရေးပါတဲ့အခမ်းကဏ္ဍက ရပ်တည်နေပါတယ်..

ဒါကြောင့် ကျွန်တော်တို့နဲ့ဝေးခဲ့ရသော
ကျွန်တော်တို့နဲ့ခွဲခွာခဲ့ရသော
ကျွန်တော်တို့တပ်မက်သော
အဝေးရောက်ဦးနှောက်များခင်ဗျား..

ဦးနှောက်များ ပြည်တော်ဝင်ခန်းနဲ့အတူ စာမျက်နှာသစ်တစ်ရွက်နဲ့ နေ့ရက်ကို မျှော်လင့်နေပါသည်ဟု ပန်ကြားရင်း…………

……………အဝေးရောက်ဦးနှောက်များသို့ ဦးညွှတ်လျှက်……………

……………Fool Bag (J, Q, K, A)…………..

ဓူဝံရှိသောည

Author: admin  //  Category: အတွေး

ကြယ်စဉ်ရေ……… မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆန္ဒပြုပါတယ်… စက္ကန့်မလပ် ပြောင်းလဲနေတဲ့ ကျွန်တော်တို့ရဲ့ အသက်ရှုသံ တွေမှာ ထပ်ချပ်မကွာလိုက်လာတဲ့ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းတွေဟာ ဒွန်တွဲရင်း စက်ဝိုင်းတစ်ခုလို အဆုံးမဲ့စွာနဲ့ လည်ပတ် နေကြတယ်… တဖြည်းဖြည်း ကြိမ်နှုန်းစိတ်လာတဲ့ ဖြစ်ပျက်ရောင်ပြန်တွေကို ကျွန်တော်တို့ မေ့လျော့နေခဲ့မိသလား ဒါမှမဟုတ် အကြောက်တရားသက်သက်နဲ့ ဘာကိုမှမမြင်နိုင်ခဲ့တာလား…. သက်ရှိဘ၀ကိုအဓိပ္ပါယ်ဖွင့်မယ်ဆိုရင် စကြာဝဠာခရီးထက် ပိုလိမ့်မယ်… ကျွန်တော်သိတဲ့လူ့ဘ၀ရဲ့ ပုံသဏ္ဌန်ကို တင်ပြရင် လူဆိုတာကြယ်စင်တလုံးလို့ဆိုကြပါစို့… ကြယ်တလုံးရဲ့ဖြစ်တည်မှုနဲ့ လူတယောက်ရဲ့ ဘ၀ကို နှိုင်းယှဉ်လိုက်ရင် ရလာဒ်ချင်းတူပါတယ်… အနီးစပ်ဆုံးတူနေတဲ့အချက်ကိုတင်ပြရရင် ပညာဆိုတဲ့မီးတောက်ရဲ့အလင်းရောင်ကို ဆွဲထုတ် ခံစားနိုင်သလောက် လင်းလက်ကြရတာပါ…. ပင်ကိုယ်အသိတရားရဲ့ အရည်အသွေးပေါ်မူတည်ပြီး လင်းလက်မူစံနှုန်းတွေ ကွာဟ သွားရတာပါ.. ဒီလိုများပြားလွန်းတဲ့ကြယ်တွေဟာ မတောတဆ(သို့မဟုတ်) ရည်ရွယ်ချက်ရှိရှိ ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် လင်းလက် စဲမှာပဲ ကြွေကျကုန်ကြတယ်… ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒါဟာဝမ်းနည်းစရာပါ.. ဒါဆိုရင် ပြဿနာရဲ့ အစပိုင်းကို ရှာကြည့် သင့်တယ်..

ကဲကျွန်တော်တွေ့တဲ့ ဆက်စပ်မှုတစ်ခုကို တင်ပြလိုက်ပါရစေ…. လှိုင်းနဲ့ကမ်းစပ်ဆိုပါစို့.. ကမ်းမကပ်တဲ့ လှိုင်းမရှိသလို လှိုင်းမဲ့တဲ့ ကမ်းရယ်လို့လဲ မရှိပါဘူး…  ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ဘ၀တွေဟာ ဆန့်ကျင်ဘက် အားပြိုင်မှုတွေ ကြားထဲကနေ  အကောင်းဆုံး သုံးသပ်ရင်းနဲ့ ရှင်သန်နေတယ်ဆိုတာ ရှင်းပါတယ်.. ဒါကြောင့် အကြောင်းတရားတစ်ခုအစဖြစ်တိုင်း ၎င်းကို သုံးသပ်ဝေဖန်ဖို့အတွက် ချင့်ချိန်တဲ့အပိုင်းဟာ နောက်ကနေထပ်ချပ်မကွာကပ်ပါလာမြဲပါ.. ဒီနေရာမှာ ဝေဖန်ရေးဆိုတာထက် ဆွေးနွေးညှိနှိုင်းကြရင် ပိုမို ကောင်းမွန်တဲ့ အဖြေတွေထွက်လာမယ်လို့ မျှော်လင့်တယ်.. လှိုင်းလုံးတွေ ကမ်းစပ်ကို ညှင်သာစွာထိတွေ့ကြရင် သဘာဝရဲ့ အနုပညာ တွေကို ထုဆစ်ကြသလိုမျိုး ကျွန်တော်တို့လည်း ပြဿနာကို ဒီလိုနည်းနဲ့ချဉ်းကပ်သင့်တယ်… ပြင်းထန်လွန်းတဲ့ ခံစားချက်တွေကို အရင်းတည်ပြီး တွေ့ဆုံကြမယ်ဆိုရင်တော့ ရလာဒ်ကောင်းတို့ကို မျှော်လင့်လို့ရမှာမဟုတ်ဘူး… ဒါကြောင့်လှိုင်းမဲ့တဲ့ကမ်းဆိုတာလည်း တကယ်တမ်းတွေးကြည့်ရင် အဓိပ္ပါယ်ရှိမှာမဟုတ်ဘူး… ဝေဖန်ရေးဆိုတာ ကိုယ့်ရဲ့အားနည်းမှု ချို့ယွင်းချက်တွေကို ထောက်ပြတဲ့ ချစ်စရာကောင်းတဲ့ စရိုက်တစ်ခုလို့မြင်ပါတယ်.. ဒါပေမယ့် ဝေဖန်ရေးခေါင်းစဉ်အောက်ကနေ အတ္တလက်တစ်ချောင်းနဲ့ မြင်မြင်ရာကို ထိပ်ခေါက်ထားခဲ့လို့တော့ မရပါဘူး… အမှန်တကယ်အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကို တင်ပြနိုင်စွမ်းရှိရပါ့မယ်… ဒါမှသာ ကျွန်တော်တို့ရဲ့ ၀န်းကျင်မှာ အမှားရာခိုင်နှုန်းတွေနည်းလာပါမယ်.. အဆမတန်တိုးပွားလာတဲ့ ခံစားချက်တွေဟာ.. တိုတောင်းလွန်းတဲ့ ကာလလေးတစ်ခုအတွင်းမှာ ကြပ်ညပ်နေကြပါတယ်.. ဒီအချိန်မှာ မိမိ ယုံကြည်ဦးညွှတ်တဲ့နေရာကို သွားဖို့အတွက် ခရီးသွားဖော် အချင်းချင်း ဖေးမသင့်တယ်လို့ထင်ပါတယ်… ဒီလိုမှမဟုတ်ရင် ၀မ်းနည်းစရာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိနေဦးမှာပါ.. ကျွန်တော်တို့ လူသား ဘ၀တွေဟာ ဆန့်ကျင်ဘက် ထိခတ်စိန်ခေါ်မှုလေးတွေနဲ့ဖြတ်သန်းနေကြရတာပါ.. ဒါပေမယ့် အရမ်းမပြင်းထန်စေချင်ဘူး..

အဆုံးသတ်အနေနဲ့တင်ပြချင်တဲ့ အကြောင်းကတော့ ကြယ်တာရာ၊ လမင်းနဲ့ အတူ သာယာတဲ့ ညတစ်ညရဲ့ ပုံသဏ္ဌန်ကို ကောင်းကင် တစ်ခွင်လုံးမှ လင်းလက်နေတဲ့ မြောက်များလွန်းတဲ့ ကြယ်တွေကို တွေ့ရမှာပါ.. လင်းလိုက်မှောင်လိုက် ပေါ်လိုက်ပျောက်လိုက်နဲ့ ရင်ခုန်စရာကောင်းပါတယ်.. ဒါပေမယ့် အားလုံးနဲ့ဆန့်ကျင်တဲ့ ကြယ်တစ်လုံးရှိနေတယ်… ဓူဝံပေါ့.. သူကတော့ အမြဲတမ်း မြောက်အရပ်မှာ မပြောင်းလဲစတမ်း လင်းလက်နေပါတယ်… ဘာတွေ ဘယ်လိုပဲပြောင်းလဲပါစေ.. ဓူဝံဟာ သူနေတဲ့ မြောက်အရပ်ကို မစွန့်ခွာဘူး သူ့ရဲ့ယုံကြည်မှုခံစားချက်တွေကို မမှိတ်မသုန်ဆုပ်ကိုင်ထားရင်း လင်းအားဖြန့်လမ်းပြလို့.. တည်ငြိမ်မှုသဘောတရား တစ်ခုကို သရုပ်ပြဖော်ဆောင်နေတယ်…

ကျွန်တော်အရမ်းဖြစ်စေချင်တဲ့ဆန္ဒတစ်ခုရဲ့ပုံရိပ်ပါ.. ဓူဝံလိုကြယ်တွေပဲသာတဲ့ညတစ်ညကို ကျွန်တော်တို့ရဲ့ လူမှုဘ၀တွေထဲကို ဆွဲယူ ခေါ်ထုတ်ဖို့ ၀ိုင်းဝန်းကြိုးစားကြရအောင်လို့ ဆန္ဒပြုရင်း

…………….Fool Bag (J, K, Q, A)…………….