မင်္ဂလာရှိသောနေ့ရက်များကို ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်.. ပညာရှင်အသိုင်းအ၀ိုင်းက ပြောနေတဲ့ လူ့စွမ်းအား အရင်းအမြစ်ဆိုတဲ့ ဝေါဟာရကို ကျွန်တော် အရမ်းစိတ်ဝင်စားနေပါတယ်.. ဒါဟာလူသားဘ၀အတွက် အလိုအပ်ဆုံးသော ဝေါဟာရတစ်ခု ဒါမှမဟုတ် အကြောင်းတရားတစ်ခုလို့ မြင်ပါတယ်.. လူ့စွမ်းအားအရင်းအမြစ်ဆိုတာကို ကျွန်တော် အဓိပ္ပါယ်ဖွင့်ဆိုကြည့်ချင်ပါတယ်.. တကယ်တော့ လူစွမ်းအား အရင်းအမြစ်ဆိုတာ ဦးနှောက်အသုံးချ ပညာရပ်လို့ ဆိုချင်တယ်.. ဒါဟာ အပြည့်အ၀ မှန်ကန်မှု မပေးနိုင်ရင်တောင် တစ်ဆိတ်တစ်ဒေသလောက်ကို ကိုယ်စားပြုနိုင်မယ်လို့ထင်ပါတယ်.. ဦးနှောက်ကို အသုံးချနိုင်စွမ်းမြင့်မားလေ လူ့အရင်းအမြစ်ဆိုတာကို တွေ့ရလေပါပဲ… ဒါကြောင့်တိုက်ရိုက်အချိုးနဲ့ ဆက်စပ်နေတယ်လို့ ယူဆပါတယ်.. ဒီလိုဆိုရင် အရည်သွေးမြင့် လူ့ဘောင်တစ်ခု ထူထောင်ဖို့ စွမ်းအားမြင့်ဦးနှောက်တွေ မလွှဲမသွေ လိုအပ်တယ်ဆိုတာကို တွေ့ရပါတယ်.. ဆက်စပ်ပြီးတွေ့ရတဲ့ နောက်တစ်ချက်ကတော့ တိုးတက်ပြီးသားဝန်းကျင်တွေမှာ အရည်သွေးကောင်းဦးနှောက်တွေ တည်မှီ ကြပ်ငြပ်နေပြီး လမ်းရှာမရတဲ့ ခပ်မှောင်မှောင်ဝန်းကျင်တွေမှာ လုံလောက်တဲ့ အနေအထားမျိုးရှိမနေတာကိုပါတွေ့ရပါတယ်..
ဒါကို ကျွန်တော်တို့ထက်လေ့လာနိုင်စွမ်းကောင်းတဲ့ ပညာရှင်တွေက စနစ်တကျလေ့လာထားတဲ့အချက်ကို အနည်းငယ်တင်ပြလိုပါတယ်.. မတိုးတက်သေးတဲ့နိုင်ငံတွေကနေ အမျိုးမျိုးသော အကြောင်းများကြောင့် အတတ်ပညာရှင် အသိပညာရှင်များနှင့်တကွ အလွှာအတန်းစားအသီးသီးက ပုဂ္ဂိုတွေဟာ ပြင်ပသို့ထွက်ခွာသွားခြင်းကို ဦးနှောက်ယိုစီးမှုဟု ခေါ်ပါတယ်.. အခြေနေအမျိုးမျိုးကြောင့် ပြင်ပကို ထွက်ခွာသွားကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ မိမိတို့နဲ့ သဟဇာတဖြစ်တဲ့ဒေသမှာ လိမ္မာသလို အသက်မွေးဝမ်းကျောင်းပြုရှင်သန်တဲ့ အနေထားဖြစ်ပါတယ်.. ဒီဖြစ်စဉ်ရဲ့နောက်ပိုင်း (အချိန်အတော်ကြာမျှ) မှာ ဦးတည်ချက်ပြောင်းလဲလာတဲ့ ဦးနှောက်တွေရဲ့ ရွေလျားမှုတစ်ခုကို တွေ့ရပါသေးတယ်.. ဒါကတော့ ပြင်ပရောက် အလွှာစုံလူတန်းစား အသီးသီးက မိမိရဲ့မွေးရပ်မြေကို ပြန်လည်ခြေချပြီး ၎င်းတို့နဲ့အတူပါလာသော ၀န်းကျင်စုံမှ အသိပိုင်းဆိုင်ရာ အတတ်ပိုင်းဆိုင်ရာပညာရပ်တွေကို ပြန်လည်အသုံးချ၍ ထူထောင်ရေးလမ်းစဉ် (သိုမဟုတ်) ရင်ဘောင်တန်းရေး စီမံကိန်းကို အကောင်အထည် ဖော်တဲ့သဏ္ဌန် ဖြစ်ပါတယ်..
ကျွန်တော်တို့ဟာ.. လက်ရှိအချိန်မှာ လင်းလက်နေသလား အမှောင်ထဲရောက်နေသလားဆိုတဲ့မေးခွန်းကို မိတ်ဆွေဖြေစေလိုပါတယ်.. ကျွန်တော့်တို့အမြင်နဲ့ ဖြေဆိုထားတဲ့ အဖြေနဲ့ပါတ်သက်ပြီး ဆက်လက်ဆွေးနွေးခွင့်ပြုပါခင်ဗျာ.. ကျွန်တော်တို့ရဲ့ မျက်ဝန်းတွေအောက်မှ တရိပ်ရိပ်ထွက်ခွာသွားတဲ့ပုံရိပ်တွေကို ကြည့်ခဲ့ရတဲ့ ကာလတွေမနည်းတော့ပါဘူး ဒီမြင်ကွင်းအတွက် ၀မ်းနည်းဝမ်းသာဆိုတဲ့ စိတ်ခံစားချက်နှစ်ခုကို ကျွန်တော်တို့ရရှိခဲ့ပါတယ်…. ကျွန်တော်တို့နဲ့တကွ သူခင်တွယ်တဲ့ပတ်ဝန်းကျင်ကို မလွှဲမလျှောင်သာခွဲခွာသွားတဲ့ ပုဂ္ဂိုလ်တိုင်းအတွက် ၎င်းနဲ့ထပ်တူ ၀မ်းနည်းရပါတယ်.. ထို့အတူ နောင်တစ်ချိန်ကြရင်ဆိုတဲ့မျှော်လင့်ချက်နဲ့လည်း ၀မ်းသာမိပါတယ်..
ကျွန်တော်တို့ကို ခွဲခွာခဲ့သော ဦးနှောက်များသို့ လေးစားစွာပန်ကြားလိုပါတယ်.. ပြန်လည်စီးဝင်ခြင်းဆိုတဲ့ဖြစ်ရပ်ကို ကျွန်တော်တို့မျှော်လင့်သလို ဖြစ်ပေါ်ခွင့်ပေးပါရန် အနူးညွတ်ပန်ကြားလိုက်ပါတယ်..
ဒီနေရာမှာ ဦးနှောက်တွေ ပြန်လည်စီးဝင်နိုင်တဲ့ အရပ်ဒေသကောင်းတစ်ခု (သို့တည်းမဟုတ်) ဦးနှောက်များကို လွတ်လပ်စွာရှင်သန် ခွင့်ပြုသောနေရာ .. ဒီအချက်ဟာ အရေးပါတယ်ဆိုတာကို ကျွန်တော်တို့ သိမြင်ပါတယ်… ဒီလိုပြန်လည်ဝင်ရောက်လာရေးအတွက် လိုအပ်တဲ့အခြေနေကောင်းတွေကို ချက်ချင်းဆိုသလိုမဖြစ်နိုင်ရင်တောင် တဖြည်းဖြည်းနဲ့ ပုံစံသွင်းတည်ဆောက်ယူရပါ့မယ်… ဒီအတွက် ကျွန်တော်တို့တတ်နိုင်စွမ်းသလောက်ပေးဆပ်ရင်း ဖန်တီးကြရအောင်လို့ အမှောင်ရိပ်ထဲကတို့တွေရဲ့ ပတ်ဝန်းကျင်ကိုလည်း တိုက်တွန်း လိုပါတယ်…ဒါမှသာလျှင် အရည်အသွေးပြည့်ဦးနှောက်များကျက်စားသော တိုးတက်တဲ့ ၀န်းကျင်သစ်မှာ ကျွန်တော်တို့ ရှင်သန်ခွင့် ရမှာပါ…
အားလုံးရဲ့မြင်ကွင်းအောက်ကနေ တဖြည်းဖြည်းသေးငယ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ပုံရိပ်တွေ အားလုံးရဲ့ရှေ့မှာ ချပြနိုင်ဖို့ ပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချ မျှော်မြင်နိုင်တဲ့ ဦးနှောက်တွေဟာ အရေးပါတဲ့အခမ်းကဏ္ဍက ရပ်တည်နေပါတယ်..
ဒါကြောင့် ကျွန်တော်တို့နဲ့ဝေးခဲ့ရသော
ကျွန်တော်တို့နဲ့ခွဲခွာခဲ့ရသော
ကျွန်တော်တို့တပ်မက်သော
အဝေးရောက်ဦးနှောက်များခင်ဗျား..
ဦးနှောက်များ ပြည်တော်ဝင်ခန်းနဲ့အတူ စာမျက်နှာသစ်တစ်ရွက်နဲ့ နေ့ရက်ကို မျှော်လင့်နေပါသည်ဟု ပန်ကြားရင်း…………
……………အဝေးရောက်ဦးနှောက်များသို့ ဦးညွှတ်လျှက်……………
……………Fool Bag (J, Q, K, A)…………..